သိမ်းဆည်းထားပြီးအသုံးမပြုသည့်လယ်ယာမြေများပြန်လည်ရရှိရေး သီပေါလယ်သမားများတောင်းဆို

သျှမ်းသံတော်ဆင့်
ဧပြီလ ၂၈ ရက် ၂၀၁၇
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နှစ်ပေါင်း ၃၀ ခန့်က သိမ်းဆည်းခံရ ဒေသခံလူထု၏ လယ်ယာ မြေဧက ၁၁ ဧကအနက် လက်ရှိတွင် အသုံးမပြုတော့သည့် မြေယာများအား ပြန်လည်စီစစ်ပေးရန် မြေယာ ပိုင်ရှင်များက စီတန်း လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြသည် ။
ဧပြီလ ၂၇ ရက်နေ့က လယ်ယာမြေအသိမ်းခံရသည့် သီပေါမြို့နယ် ၀မ့်ခါလိုင်ရွာမှ မြေယာပိုင်ရှင်များက သီပေါမြို့ တွင်းဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
“ပါတီကောင်စီခေတ်ကတည်းကလေ သိမ်းသွားတာ။ နှစ်ပေါင်း ၃၀ ကျော်ပြီပေါ့။ အဲ့တုန်းက သစ်ခွဲစက်လုပ်မယ် ဆိုပြီး သိမ်းသွားတာ ၁၀ ဧကကျော်တယ်လေ။ ရာသီသီးနှံစိုက်တဲ့ခြံတွေပါ။ အခု အဲ့မြေတွေမှာ သူတို့မသုံး တော့တာကြာပြီ။ သစ်စက်လည်းမလည်ပတ်တာကြာပြီ ၇ နှစ်ကျော်ပြီ။ အဲ့ကြောင့် ကျနော်တို့ပြန်လည်စိုက်စားဖို့အတွက်ပြန်ပေးပါ လို့ တောင်းရတာဖြစ်ပါတယ် ”- ဟု လယ်ယာမြေပိုင်ရှင် ဦးလုံးစိုင်းကပြောသည်။
အဆိုပါဆန္ဒပြလှည့်လည်ရာတွင် လယ်ယာမြေပိုင်ရှင်နှင့် သားသမီးမြေးမြစ်များ၊ ဒေသတွင်းလူထုများပါဝင်ရာ လူဦးရေ ၃၀ ကျော်ရှိကြောင်း သိရသည်။
လယ်သမားများသည် သိမ်းဆည်းခံလယ်မြေများကိုပြည်နယ်လွှတ်တော်ဥက္ကဌမှ စစ်ဆေးဆောင်ရွက်ပေးရေး၊ ဥပဒေချိုးဖောက် နေသည့်ဝန်ထမ်းများအားအရေးယူပေးရေး၊ အမှတ် ၁၁၂ ရွှေ့ပြောင်းသစ်စက် မြေကိစ္စ အမြန်စစ်ဆေးပေးရေး - အစရှိ ဆိုင်းဘုတ်များကိုင်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ကြောင်း ဆိုပါသည်။
မြေယာတောင်းဆိုမှုအချက်အလက်များနှင့် အသိမ်းခံရလယ်သမား ၁၅ ဦး၏လက်မှတ်များပါသော စာတစောင်ကိုလည်း ၂၀၁၄ ခုနှစ်က မြို့နယ်အုပ်ချုပ်ရေးနှင့် မြေတိုင်းဦးစီးဌာနသို့ ပေးပို့ခဲ့ဖူးသည်။ သို့သော် အကြောင်းပြန်မှုမရှိသဖြင့် ယခုနှစ်ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ရခြင်းဖြစ်ကြောင်း လုံးစိုင်းကပြောသည်။ဝမ့်ခါလိုင်ရွာသည် လားရှိုးမြို့ဘက်သွားမည့် သီပေါမြို့အထွက် တိုးလ်းဂိတ်အနီးတွင်တည်ရှိပါသည်။

Comments
Post a Comment