ဒေသအလိုက်နိုင်ငံရေးဆွေးနွေးပွဲများသည် ၂၁ ရာစုပင်လုံညီလာခံကို များစွာအထောက်အကူပြုသွားမည်ဖြစ်

====================================
နေပြည်တော် ဧပြီ ၂၄
ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ တောင်ကြီးမြို့၌ ကျင်းပလျက်ရှိသည်။ အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်လာကြ သူများ၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်ထားရှိ သည့်သဘောထား၊ ဆွေးနွေးပွဲတွင် တင်ပြမည့် အကြောင်းအရာများ၊ ဆွေးနွေးပွဲမှတစ်ဆင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အဖြစ်သို့ရောက်ရှိရန် ၎င်းတို့၏ ကိုယ်စီသဘောထားများကို မေးမြန်းတင်ပြလိုက်ရပါသည်။
ဦးဝင်းကျော်(ခ) ဦးအိုက်မိန်း (ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ)
ဒေသအလိုက်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြည်နယ်အစိုးရကဖိတ်လို့ တက်ရောက်တာပါ။ ရှမ်းပြည်နယ်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသငါးခုရှိတယ်။ ကျွန်တော့်အနေနဲ့တော့ နမ့်စန်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေးအဖြစ်အပျက် တွေကို ဆွေးနွေးခဲ့ပါတယ်။ ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တက်ခဲ့ဖူးပါတယ်။ အခုလာမယ့် ဒုတိယအကြိမ် ပင်လုံညီလာခံဟာ ဒေသအလိုက်ရလာတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေက စာတမ်းတွေ၊ ပြည်သူလူထုလိုလားချက်တွေ၊ ပြည်သူလူထုဖြစ်စေ ချင်တာတွေကို စုစည်းပြီးတော့ ညီလာခံကျင်းပတဲ့ ဗဟိုကော်မတီတွေက ပြန်လည် စိစစ်သုံးသပ်မယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးအောင်မြင်သွားရင်တော့ ပြည်သူ လူထုကိုယ်စား အတိုင်းထက်အလွန် ပီတိဖြစ်တာပေါ့။
ဦးခွန်သိန်းမောင် (ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီအတွင်းရေးမှူး)
ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်ရတဲ့ ရည်ရွယ် ချက်ကတော့ ကျွန်တော်တို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု ဖက်ဒရယ်စနစ်နိုင်ငံရေးကို သွားတဲ့အခါမှာ ငြိမ်းချမ်း ရေးအတွက်သော်လည်းကောင်း၊ အခြေခံဥပဒေ ရေးဆွဲတဲ့နေရာမှာ သော်လည်းကောင်း၊ ဖက်ဒရယ် အတွက်သော်လည်းကောင်း ကျွန်တော်တို့ရဲ့ စာတမ်းဟာ အထောက်အကူပြု စေဖို့ ပြည်သူတွေရဲ့ဆန္ဒ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒတွေကို ပြုစုပြီးတော့ တင်ပြရခြင်း ဖြစ်ပါ တယ်။ ဒီလိုနိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်ခြင်းအားဖြင့် ၂၁ရာစု ပင်လုံ ညီလာခံကို ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခုထိတော့ အကျိုးပြုသွားမှာ ဖြစ်ပါတယ်။
အခုတိုင်းရင်းသားတွေအားလုံး ဆွေးနွေးခဲ့တာကို နားထောင်ရင် လိုလားချက်ဆန္ဒတွေ ဟာအများစု တူညီနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသား ၁၃၀ ကျော်စုစည်းပြီး နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကြီး ငြိမ်းချမ်းဖို့၊ ဖွံ့ ဖြိုးတိုးတက်ဖို့ဆိုရင် အခုဆွေးနွေးပွဲမှာရှိနေတဲ့ တိုင်းရင်းသားတွေဟာ ရေတိုကို မကြည့်ဘဲ ရေရှည်ကိုကြည့်ပြီး သည်းခံတဲ့စိတ်၊ တစ်ဦးကို တစ်ဦးနား လည်တဲ့စိတ်နဲ့ ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်ပြီး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့
နိုင်ငံဟာ မလွဲမသွေ ငြိမ်းချမ်းပြီးတော့ ဖွံ့ ဖြိုးတိုးတက်သွားမှာ ဖြစ်ပါတယ်။
ဒေါက်တာမျိုးထွန်း (ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး )
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ပါဝင်သင့်သူအားလုံးပါဝင် နိုင်ဖို့ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ကျွန်တော်တို့ ဆွေးနွေး ပွဲတွေလုပ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ရှမ်းပြည်နယ်မှာတော့ ဒေသအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုပြီး လုပ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့ နိုင်ငံရေးစာတမ်းတစ်စောင်၊ စီးပွားရေးစာတမ်းတစ်စောင်နဲ့ မြေယာနဲ့ သယံဇာတဆိုင်ရာ စာတမ်းတစ်စောင် ထွက်လာမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်ကျင်းပ မယ့် ၂၁ ရာစုပင်လုံ ညီလာခံမှာတင်ပြဖို့အတွက် ရှမ်းပြည်နယ်ကိုယ်စားပြုတဲ့ စာတမ်း သုံးစောင်ထွက်ပေါ်လာတဲ့ အကျိုးရလဒ်ရပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးအပါ အဝင် ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးပူးပေါင်းမှ အောင်မြင်နိုင် မယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကအရေးကြီးတယ်။ ငြိမ်းချမ်းမှုမရှိရင် ဒေသဖွံ့ ဖြိုး ရေးဆောင်ရွက်ဖို့ အဆင်မပြေပါဘူး။ လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ခံစားနေရတဲ့ ဒုက္ခတွေက ပြည်သူလူထုတွေ သွားရေးလာရေးခက်ခဲတယ်။ စီးပွားရေး အရခက်ခဲတယ်။ ဒါဟာ မငြိမ်းချမ်းလို့ ကျွန်တော်တို့ လူမှုစီးပွားတွေဆုံးရှုံးတာပေါ့။ အဓိကကတော့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ စိတ်ဓာတ်၊ နိုင်ငံ ဖွံ့ ဖြိုးတိုးတက်ချင်တဲ့စိတ်ဓာတ်နဲ့ အားလုံးဝိုင်းပြီး ပူးပေါင်းဆွေးနွေးမယ်ဆိုရင် ဒီဆွေးနွေးပွဲက အင်မတန်မှ အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်မှာပါ။
ခွန်းကလဲမင်း (ကယန်းစာပေနှင့်ယဉ်ကျေးမှု)
ကျွန်တော်တို့ ကယန်းလူမျိုးတွေမှာလည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရဖို့အတွက် ဒီဆွေးနွေးပွဲ ကိုလာရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကယန်းဆိုတဲ့လူမျိုးတွေစုစည်းပြီး ငြိမ်းချမ်းရေးအတွက် အခြားတိုင်းရင်း သားတွေနဲ့ အတူတူဆောင်ရွက်မယ်။ ဒီဆွေးနွေးပွဲပြီးရင် ရလဒ်တစ်ခုအနေနဲ့ ဘုံသဘောတူညီချက်ကို စာတမ်းပြုစုနိုင်ပြီး ၂၁ ပင်လုံညီလာခံမှာ ရှမ်းပြည်နယ်ကိုယ်စားပြုအနေနဲ့ တင်ပြ နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
ဒေါ်ခင်စန်းရီ (တောင်ရိုးလူမျိုး)
ဒီနိုင်ငံရေးဆွေးနွေးပွဲကို လူနည်းစုတောင်ရိုးတိုင်းရင်းသားတွေရဲ့ ကိုယ်စား လာရောက် ခြင်းဖြစ်ပါတယ်။ ကျွန်မအနေနဲ့ လူမျိုးတစ်မျိုးချင်းစီရဲ့ အခွင့်အရေးတွေကို တင်ပြရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီဆွေးနွေးပွဲမှာ လူမျိုးတစ်မျိုးစီရဲ့နိုင်ငံရေး၊ စီးပွားရေး၊ မြေယာပိုင်ဆိုင်မှုတို့ကို တင်ပြခြင်းအားဖြင့် ၂၁ ရာစုပင်လုံညီလာခံအတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်။
စိုင်းထွန်း (ယင်းကျားလူမျိုး)
ကျွန်တော့်အနေနဲ့ နမ့်ဆန်မြို့နယ်အတွင်းမှာနေထိုင်တဲ့ ယင်းကျားလူမျိုးစုအတွက် တင်ပြစရာတွေရှိလို့ ဒီနိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသက စိုက်ပျိုးရေးအတွက် ရေ၊ မီး အခက်အခဲဖြစ်တယ်။ ဒါကြောင့် ဆွေးနွေးပွဲမှာ တောင်းဆိုမှာပါ။ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကိုလည်း စာတမ်း ပြုစုတဲ့အခါမှာ ပါသွားစေချင်ပါတယ်။
နန်းမြဦး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်ကြီးမြို့နယ် အတွင်းရေးမှူး)
ဒီဆွေးနွေးပွဲမှာ ကျွန်မတို့ပါတီရဲ့ သဘောထားလေးတွေ ပါသွားအောင်လာပြီး ဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအောင်မြင်ဖို့ဆိုရင် ကျွန်မတို့ ခဏ ခဏသုံးနေတဲ့ အမျိုးသားရင်ကြားစေ့ရေးပေါ့။ ဥပမာအားဖြင့် တစ်ဦးကိုတစ်ဦး ဘယ်သူကဘာအလိုရှိတယ်ဆိုတာ တွေ့ဆုံဆွေးနွေးမယ့်နေရာလိုပါတယ်။ တိုင်းရင်း သားတွေလိုလားတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းခွင့်ရမယ်ဆိုရင် အခုလိုအပ်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကြီးကို ရရှိမှာအမှန်ပါပဲ။
ခွန်အောင်သိန်းနိုင် (ပအိုဝ်းတိုင်းရင်းသား)
ပအိုဝ်းတိုင်းရင်းသားတွေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ထောင် တော့မယ်ဆိုရင် တစ်ဖက်တစ် လမ်းက ပါဝင်နိုင်ဖို့ ဒီဆွေးနွေးပွဲကို တက်ရောက်တာပါ။ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ သဘာဝပတ် ဝန်းကျင်ဆိုင်ရာတွေကို တင်ပြ ဆွေးနွေးခဲ့ပါ တယ်။ အခုတင်ပြဆွေးနွေးခဲ့ကြတဲ့အထဲမှာ ကျွန်တော်တို့ လူမျိုးသာမက အခြားတိုင်းရင်းသားအားလုံးရဲ့ တင်ပြမှုတွေကလည်း ပြည့်စုံတယ်လို့ မရှိပါဘူး။ လိုအပ် ချက်ဆိုတာ အမြဲ ရှိနိုင်တာပါပဲ။ အခုတင်ပြတဲ့ ဆွေးနွေးချက်တွေထဲက အကောင်းဆုံး ထုတ်နုတ်ပြီး ထွက်ပေါ် လာတဲ့ စာတမ်းသုံးစောင်ဟာ ငြိမ်းချမ်းရေးညီလာခံကြီး အောင်မြင်ဖို့အတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေးညီလာခံကြီးမှာ တစ်သွေးတည်း တစ်သားတည်း စုစုစည်းစည်းနဲ့ ပါဝင်ဆွေးနွေးသွားကြဖို့ လိုပါတယ်။
မင်းထက်အောင်(မန်းကိုယ်ပွား)

Comments
Post a Comment