နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက် အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဆို


၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက် အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဆို

==================
==================

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး မတိုင်မီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက်အား အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအား တောင်ကြီးမြို့ သို့မဟုတ် ပင်လုံမြို့သို့ ပြောင်းရွှေ့ကျင်းပခွင့်ပေးရန် ဖေဖော်ဝါရီ ၂၃ ရက် ရက်စွဲဖြင့် စာပေးပို့ တောင်းဆိုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ RCSS မှ ပေးပို့ထားသည့် စာအရ RCSS မှ ကြီးမှူးကျင်းပမည့် လူမျိုးအလိုက် (ရှမ်းလူမျိုး) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တပ်မတော်မှ မိုင်းပန်မြို့၊ မုံးထော်/မုံးထမြို့၊ နမ့်ပန်ခွန်မြို့တို့တွင်သာ ကျင်းပရန် ထောက်ခံမှုပေးခဲ့သည့် အပေါ်တွင် ဆွေးနွေးပွဲသို့ တက်ရောက်လာကြမည့်သူများအတွက် ခရီးသွားလာရေး၊ နေထိုင်ရေး၊ စားသောက်ရေးကအစ အခက်အခဲများစွာ ရှိလိမ့်မည်ဟု သုံးသပ်မိသဖြင့် အဆိုပါ သတ်မှတ်ပေးထားသည့် မြို့များတွင် မိမိတို့ အနေဖြင့် ကျင်းပနိုင်မည် မဟုတ်ကြောင်း သိရသည်။

ထိုသို့ စာပေးပို့ တောင်းဆိုထားချိန်တွင် UPDJC ၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ကျင်းပသော ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်းပြည်နယ်) အား တောင်ကြီးမြို့တွင် ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။

ထို့အတူ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ တက်ရောက်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဧပြီ ၂၄ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်ရာတွင်လည်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့်နေရာတွင် ကျင်းပခွင့်ရရေးအား အစိုးရဘက်မှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မည်ဟုသာ အဖြေရခဲ့ကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“အဲဒါကြောင့်မို့ ကျွန်တော်တို့ စိတ်ပူနေတယ်။ (၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး) မီမှ မီပါ့မလားဆိုတဲ့ သဘော။ ကျွန်တော်ထင်တယ် မမီတော့ဘူး ထင်တယ်။ ဒီကိစ္စကြောင့် အချိန်နီးလာပြီဆိုရင် ကျွန်တော်တို့ ကြားထဲမှာလည်း နည်းနည်း အစည်းအဝေးခေါ်ယူပြီးတော့ ဆုံးဖြတ်ရမယ့်သဘော ရှိတယ်။ တက်မလား။ မတက်ဘူးလားပေါ့။ အဲဒီလိုမျိုးပေါ့။ UPDJC အစည်းအဝေးကို တစ်ချက်စောင့်ကြည့်ရမယ်။ ဒီကြားထဲမှာလည်း လုပ်ငန်းကော်မတီတို့ ဘာတို့လည်း ရှိသေးတယ်။ အဲဒီကြားထဲမှာပဲ ဆက်လက်ညှိနှိုင်းသွားမယ်လို့ ကျွန်တော်တို့က သဘောထားချမှတ်ထားတာပဲ ရှိပါတယ်” ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ယခု ထပ်မံကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသည့် ဆုံးဖြတ်ချက်များအား စုစည်းကာ ဆွေးနွေးဆုံးဖြတ်မည် ဖြစ်သဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးမှာ အခြေခံဖြစ်သည်။

Writer:
ကျော်ဇင်ဝင်း

===========

#Eleven Media Group

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်